ဥရောပသမဂ္ဂ ဒဏ်ခတ်မှုက ထိရောက်သော်လည်း ကင်းလွတ်ခွင့်များပါဝင်နေသဖြင့် စစ်ကောင်စီထံ ငွေကြေးစီးဆင်းနေမှု အလုံးစုံပိတ်ဆို့ရန် ဟာကွက်တချို့ ရှိနေသေးသည်ဟု ဆိုသည်။

အောင်နိုင်

Published on Mar 2, 2022

စစ်အာဏာသိမ်းမှု တစ်နှစ်ကျော်ကြာမြင့်လာပြီးနောက် စစ်ကောင်စီ၏ အကြီးဆုံး နိုင်ငံခြားဝင်ငွေ အရင်းအမြစ်ဖြစ်သော မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း(MOGE) ကို အဖွဲ့ဝင် ၂၇ နိုင်ငံရှိသည့် ဥရောပသမဂ္ဂက အရေးယူပိတ်ဆို့လိုက်ပြီဖြစ်သည်။

အရပ်သားများ၊ ဒီမိုကရေစီအရေးလှုပ်ရှားသူများ အကြမ်းဖက်ခံနေရမှုကို တုံ့ပြန်သည့်အနေဖြင့် ဥရောပသမဂ္ဂက မြန်မာစစ်အုပ်စုကို ဖေဖော်ဝါရီ ၂၁ တွင် လေးကြိမ်မြောက်ပိတ်ဆို့စဉ် အကြီးအကဲ ၂၂ ဦးနှင့် စီးပွားရေးလုပ်ငန်း ၄ ခု ပါဝင်သွားခြင်းဖြစ်သည်။

ပိတ်ဆို့ခံရသူများထဲတွင် စစ်ကောင်စီအဖွဲ့ဝင်များ၊ ဝန်ကြီးများနှင့် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်တို့ ပါဝင်သည်။ စီးပွားရေးလုပ်ငန်းများထဲတွင်​ မြန်မာ့ရေနံနှင့် ဘာဝဓာတ်ငွေ့လုပ်ငန်း(MOGE)၊ အမှတ်(၁) သတ္တုတွင်းလုပ်ငန်းနှင့် ပုဂ္ဂလိကကုမ္ပဏီနှစ်ခုဖြစ်သည့် ဦးတေဇ၏ ထူးအုပ်စုကုမ္ပဏီ၊ ဝန်ကြီးဟောင်း ဦးအောင်သောင်းသား ဦးနေအောင်ပိုင်သည့် IGE ကုမ္ပဏီတို့ ပါဝင်သည်။

စစ်ကောင်စီ၏ ဝင်ငွေ ရပေါက်ရလမ်းများကို ဖော်ထုတ်နေသည့် Blood Money Campaign (သွေးစွန်းငွေ ဖြတ်တောက်ရေးလှုပ်ရှားမှုအဖွဲ့)က အပြောင်းအလဲအတွက် ဖိအားများ ပေးနိုင်ရန် လူထုလှုပ်ရှားမှုက အရေးကြီးကြောင်း ပြောသည်။

“လူထုပါရင် မဖြစ်နိုင်ဘူးဆိုတာ မရှိဘူးဆိုတာ သက်သေပြလိုက်တာပေါ့” ဟု ထိုအဖွဲ့မှ အမည်မဖော်လိုသည့် အဖွဲ့ဝင်တစ်ဦးက Myanmar Now ကို ပြောသည်။

“တကယ်ခက်ခဲတဲ့ကိစ္စကို ကျွန်တော်တို့ ရလိုက်တာပေါ့။ အဲဒီတော့ သွေးမအေးသွားဖို့ မရပ်တန့်လိုက်ဖို့ပဲ လိုတယ်။ People Power လူထုအာဏာက ဒီမိုကရေစီမှာ အခရာကျတယ်ဆိုတာ သက်သေတစ်ခုပဲ”

၁၉၈၈ စစ်အာဏာသိမ်းကတည်းက MOGE ကို အရေးယူပိတ်ဆို့ရန် ကြိုးစားခဲ့သော်လည်း အထမမြောက်ခဲ့ပေ။ မြန်မာနိုင်ငံကို အလုံးစုံစီးပွားရေးပိတ်ဆို့မှု ချမှတ်ဖူးသည့်တိုင်အောင် ပိတ်ဆို့မှုမှ ကင်းလွတ်ခဲ့ရာမှ နွေဦးတော်လှန်ရေးတွင် ပြည်သူလူထု၏ ပါဝင်မှုကြောင့် အောင်မြင်သွားသည်ဟု ၎င်းက ဆိုသည်။

ဒဏ်ခတ်အရေးယူမှုစည်းမျဉ်းများအရ ရပိုင်ခွင့်များထိန်းသိမ်းခံရခြင်း၊ ဘဏ္ဍာငွေကြေးထောက်ပံ့မှုကို တားမြစ်ခြင်း အပါအဝင် ပိတ်ဆို့မှုစာရင်းတွင် ပါဝင်သူတို့မှာ ဥရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံများသို့ ခရီးသွားလာခွင့်ရမည် မဟုတ်ပေ။

ဥရောပသမဂ္ဂ၏ ယခင်ချမှတ်ပြီးဖြစ်သော စစ်လက်နက်ပစ္စည်း တင်ပို့ရောင်းချခြင်းနှင့် ပို့ကုန်ဆိုင်ရာ ကန့်သတ်ချက်များလည်း ဆက်လက်အသက်ဝင်နေမည့်အပြင် ဘဏ္ဍာရေးဆိုင်ရာ အကူအညီအားလုံးလည်း ရုပ်သိမ်းမည်ဖြစ်သည်။

ဒီမိုကရေစီကို ပျက်ပြားစေခြင်း၊ ဆိုးရွားသောလူ့အခွင့်အရေးချိုးဖောက်ခြင်းများအတွက် တာဝန်ရှိသူတို့ကို ကန့်သတ်ထိန်းချုပ်သည့် အရေးယူပိတ်ဆို့မှုများချမှတ်ရန် အသင့်ရှိကြောင်း ဥရောပသမဂ္ဂက ထုတ်ပြန်ထားသည်။

 

စစ်ကောင်စီ ငွေတွင်းကို ပိတ်ဆို့ခြင်း

မြန်မာသည် ကမ္ဘာတွင် သက်တမ်းအရင့်ဆုံး ရေနံတင်ပို့သည့်နိုင်ငံဖြစ်သလို အရှေ့တောင်အာရှတွင် တတိယအကြီးဆုံး သဘာဝဓာတ်ငွေ့ထုတ်လုပ်သည့် နိုင်ငံတစ်ခုဖြစ်သည်။

မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းဝင်ငွေသည် နိုင်ငံ၏ အဓိကကျသော ဝင်ငွေအစိတ်အပိုင်းဖြစ်ပြီး ၂၀၁၅-၁၆ နှစ်တွင် နိုင်ငံတော်ဝင်ငွေ၏ ၁၃ ရာခိုင်နှုန်းကျော်ရှိကြောင်း မြန်မာနိုင်ငံတွင်းထွက်သယံဇာတ တူးဖော်ထုတ်လုပ်ခြင်းလုပ်ငန်းများ ပွင့်လင်းမြင်သာမှု ဖော်ဆောင်ရေး(MEITI) ၏ အစီရင်ခံစာတစ်ခုတွင် ဖော်ပြသည်။

စစ်အာဏာမသိမ်းမီ ရေးဆွဲအတည်ပြုခဲ့သည့် အစိုးရ၏ ရသုံးမှန်းခြေငွေစာရင်း(ဘတ်ဂျက်) အရ မြန်မာအနေဖြင့် ၂၀၂၂ မတ်လအထိ ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍမှ ဝင်ငွေ ကျပ် ၂,၃၀၅ ဘီလျံ (အမေရိကန်ဒေါ်လာ ၁ ဒသမ ၄ ဘီလျံခန့်) ရရှိနိုင်သည်ဟု ခန့်မှန်းခဲ့သည်။

နှစ်စဉ် ဒေါ်လာဘီလျံနှင့်ချီ ရရှိနေပြီး ရာနှုန်းပြည့် နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းကြီးဖြစ်သည့် MOGE ကို ပြီးခဲ့သည့်နှစ် အာဏာသိမ်းပြီးနောက် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သည့် စစ်ကောင်စီက ထိန်းချုပ်ထားသည်။

ယခုကဲ့သို့ ပိတ်ဆို့ခံရခြင်းသည် စစ်ကောင်စီ၏ အရှိုက်ကို တည့်တည့်ထိသည်ဟု Blood Money Campaign အဖွဲ့ဝင်က ဆိုသည်။

နိုင်ငံတကာအရေးယူပိတ်ဆို့မှု မခံရသည့် MOGE ၏ ဝင်ငွေသည် တရားဝင်ငွေဖြူဖြစ်သောကြောင့် နိုင်ငံတကာငွေပေးချေလုပ်ငန်းများတွင် အဆင်အပြေဆုံးဖြစ်သည်။ စစ်လက်နက်၊ တိုက်လေယာဉ်နှင့် လေယာဉ်ဆီဝယ်ယူခြင်းအပြင် စစ်အုပ်စု၏ အကျိုးစီးပွားအတွက် အဓိကငွေပင်ငွေရင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

သို့သော် နွေဦးတော်လှန်ရေးက ရည်ရွယ်သည့် MOGE ၏ ဝင်ငွေရပ်တန့်သွားခြင်း မဟုတ်သေးသလို ဆက်လက်ကြိုးစားရမည့်ကိစ္စများရှိသေးကြောင်း ဆိုသည်။

“စစ်တပ်ရဲ့ ငွေပင်ငွေရင်းကို မဖြတ်ပေးနိုင်သေးဘူး။ သို့သော် သူတို့အတွက် အထိနာစရာတော့ ဖြစ်သွားပြီ။ ဥရောပက နိုင်ငံအကုန်လုံး MOGE နဲ့ ပတ်သက်လို့ မရတော့ဘူး။ MOGE နဲ့ လုပ်နေတဲ့ အလုပ်တွေ အကုန်လုံးရပ်ရမှာဖြစ်သလို အသစ်လည်းထပ်လုပ်လို့မရတော့ဘူး”

ဟု ၎င်းက ဆိုသည်။

သို့သော် ဥရောပသမဂ္ဂ၏ ပိတ်ဆို့မှုတွင် ကင်းလွတ်ခွင့်ပြုသည့် အချက်တစ်ခုကို ဖြည့်စွက်ပြဋ္ဌာန်းထားပြီး အဖွဲ့ဝင်နိုင်ငံများအနေဖြင့် စီးပွားရေးလုပ်ငန်းများရပ်ဆိုင်းထွက်ခွာရာတွင် ငွေကြေးနှင့် စီးပွားရေး အရင်းအမြစ်များကို ဖြေလျှော့ထုတ်ယူခွင့်ပြုလိုက ပြုနိုင်ကြောင်း ပါရှိသည်။

ဆိုလိုသည်မှာ ပြင်သစ်ရေနံကုမ္ပဏီကြီးတစ်ခုဖြစ်သည့် Total  မြန်မာနိုင်ငံမှ ထွက်ခွာရာတွင် စစ်ကောင်စီထံ ရေနံနှင့် သဘာဝဓာတ်ငွေ့ ဝင်ငွေများကို ၆ လအတွင်း ဆက်လက်လွှဲပြောင်းပေးနိုင်ရန် ဆုံးဖြတ်နိုင်သည်ဟု ၎င်းက ဆိုသည်။

“ဒါက Total Energies ရဲ့ လော်ဘီကြောင့်ဖြစ်လာတယ်ဆိုတာ အသေချာပဲ။ ဥရောပမှာ ပြင်သစ်က အကောင်ကြီးဆိုတာ ငြင်းလို့မရဘူး။ အဲဒီတော့ ပြင်သစ်အစိုးရနဲ့ Total နဲ့ ပေါင်းပြီး ဒီ Exemptions (ကင်းလွတ်ခွင့်) ကို မလှည့်စားဖို့လိုတယ်” ဟု ၎င်းက ဆိုသည်။

ကင်းလွတ်ခွင့်ကြောင့် Total ကုမ္ပဏီသည် စစ်ကောင်စီကို ငွေပေးခြင်း၊ မပေးခြင်း နှစ်ခုလုံးကို ဆန္ဒရှိသလို ဆုံးဖြတ်ခွင့်ရနေသည့် သဘောဖြစ်နေကြောင်း ၎င်းက ဆိုသည်။

မြန်မာနိုင်ငံတွင် ရတနာ၊ ရဲတံခွန်၊ ရွှေ၊ ဇောတိက စသည့် အဓိကကျသည့် ကမ်းလွန်ရေနံနှင့် သဘာဝဓာတ်ငွေ့စီမံကိန်း လေးခုရှိပြီး ဥရောပသမဂ္ဂက အရေးယူပိတ်ဆို့မှုများမပြုလုပ်မီ စီမံကိန်းနှစ်ခုတွင် ရင်းနှီးမြှုပ်နှံသည့် နိုင်ငံတကာစွမ်းအင်ကုမ္ပဏီ ၄ ခုက မြန်မာမှ ထွက်ခွာရန် ဆုံးဖြတ်ထားသည်။

ဆိုးရွားလာသည့်အခြေအနေများကြောင့် ရတနာစီမံကိန်းအော်ပရေတာဖြစ်သည့် ဥရောပသမဂ္ဂအဖွဲ့ဝင် ပြင်သစ်ရေနံကုမ္ပဏီ Total က စီမံကိန်းမှ ထွက်မည်ဖြစ်သလို အမေရိကန် Unocal-Chevron ကလည်း အလားတူဆုံးဖြတ်ခဲ့ကြောင်း ယခုနှစ်ဆန်းပိုင်းတွင် ထုတ်ပြန်ခဲ့သည်။

ရတနာစီမံကိန်းတွင် Total က ၃၁ ဒသမ ၂၄ ရာခိုင်နှုန်း၊ Unocal- Chevron က ၂၈ ဒသမ ၂၆ ရာခိုင်နှုန်း၊ ထိုင်းနိုင်ငံပိုင် PTTEP က ၂၅ ဒသမ ၅ ရာခိုင်နှုန်းနှင့်  မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) က ၁၅ ရာခိုင်နှုန်း ပါဝင်ရင်းနှီးမြှုပ်နှံထားသည်။

အာရှကုမ္ပဏီနှစ်ခုဖြစ်သည့် မလေးရှား Petronas နှင့် ဂျပန် Mitsubishi တို့ကလည်း ရဲတံခွန်စီမံကိန်းမှ ရှယ်ယာများရုပ်သိမ်းထွက်ခွာမည်ဖြစ်ကြောင်း ဖေဖော်ဝါရီ ၁၈ ရိုက်တာသတင်းတစ်ပုဒ်တွင် ဖော်ပြထားသည်။

ရဲတံခွန်စီမံကိန်းတွင် Petronas က ၄၀ ဒသမ ၉၁၊ ၊ Mitsubishi က ၂ ရာခိုင်နှုန်းခန့် သွယ်ဝိုက်ရင်းနှီးမြှုပ်နှံထားသည်။

၂၀၂၁ ဖေဖော်ဝါရီလက စစ်အာဏာသိမ်းမှုကို ကန့်ကွက်နေကြသော မန္တလေးဒေသခံများ

စစ်ကောင်စီ အကျိုးအမြတ်မရရန် ထွက်ခွာမည့် ကုမ္ပဏီများနှင့် ပတ်သက်၍ စောင့်ကြည့်ရန်လိုသလို အကျိုးစီးပွားအတွက် စစ်ကောင်စီနှင့် ဆက်လက်တွဲမည့် ကုမ္ပဏီများကို ဖိအားပေးရန်လိုအပ်ကြောင်း Citizen Action for Transparency (CAfT) ဒါရိုက်တာ ဒေါ်မိုးမိုးထွန်းက Myanmar Now ကို ပြောသည်။

ဥရောပသမဂ္ဂနိုင်ငံများတွင် MOGE နှင့် မိတ်ဖက်ကုမ္ပဏီများဖွင့်လှစ်ထားသည့် ဘဏ်စာရင်းများစွာရှိနေပြီး ၎င်းတို့ကို ပိတ်ဆို့ရန် အရေးကြီးသည်၊ တစ်နည်းနည်းဖြင့် ရွှေ့ပြောင်းခွင့်ရနေမည်ဆိုပါက စစ်ကောင်စီကို ငွေကြေးဆက်လက်စီးဆင်းနိုင်သည်

ဟု ၎င်းက ယူဆသည်။

ရွှေသဘာဝဓာတ်ငွေ့ပိုက်လိုင်းနှင့် ပတ်သက်၍ MOGE နှင့် တရုတ် CNPC ကုမ္ပဏီတို့ ဖွင့်လှစ်ထားသည့် ယူရို ၁၂၄ သန်းဝန်းကျင်ရှိ ဘဏ်စာရင်းမှာ ဂျာမနီနိုင်ငံတွင်ရှိပြီး ထိုငွေများကို သေချာပိတ်ဆို့နိုင်ရန် လိုအပ်သည်ဟု EITI အချက်အလက်များကို ကိုးကား၍ ၎င်းက ဆိုသည်။

စီမံကိန်းစတင်စဉ် ချုပ်ဆိုထားသည့် သဘောတူစာချုပ်အရ ထိုဘဏ်စာရင်းများကို တရုတ်ကသာ အဓိကချုပ်ကိုင်ထားပြီး အချို့အကောင့်များသည် CNPC နာမည်ဖြင့် ရှိနေ၍ လွတ်ထွက်မသွားရန် အာရုံစိုက်သင့်ကြောင်း ၎င်းက ဆိုသည်။

“CNPC နဲ့ထားတာ ဖြစ်တဲ့အတွက် ဒီနာမည်နဲ့ Joint Account တွေပါ စစ်ဆေးသင့်တယ်ပေါ့နော်။ ဒါသည် မြန်မာပြည်နဲ့ Joint ထားတဲ့အကောင့်တွေလားဆိုတာပေါ့။ မဟုတ်လို့ရှိရင် ဒီဟာတွေက လွတ်ထွက်သွားနိုင်တယ်။ တကယ့်ငွေပမာဏများတဲ့ စာရင်းတွေ လွတ်ထွက်သွားနိုင်တယ်” ဟု ၎င်းက ဆိုသည်။

MOGE ၏ ဘဏ်စာရင်းများသည် စင်ကာပူနိုင်ငံတွင်လည်း ဖွင့်ထားကြောင်း၊ ဥရောပသမဂ္ဂ ပိတ်ဆို့အရေးယူမှုမှ ရှောင်လွှဲနိုင်မည့် ဘဏ်စာရင်းရွှေ့ပြောင်းမှုများကိုလည်း မျက်ခြည်မပြတ်ရန်လိုကြောင်း ၎င်းက ဆိုသည်။

မည်သို့ဆိုစေ ပိတ်ဆို့မှုကြောင့် ဥရောပဘဏ်များကို အသုံးပြုခွင့်မရတော့သဖြင့် အခက်တွေ့နိုင်ကြောင်း စစ်ကောင်စီ၏ ရေနံနှင့် သဘာဝဓာတ်ငွေ့ဝင်ငွေများအလုံးစုံပိတ်ဆို့ရန် အမေရိကန်က ပိတ်ဆို့မှုချမှတ်ရန် အရေးကြီးကြောင်း သွေးစွန်းငွေဖြတ်တောက်ရေးလှုပ်ရှားမှု အဖွဲ့ဝင်က ဆိုသည်။

“စစ်တပ်အရမ်း အင်အားကောင်းလာတာ MOGE ပိုက်ဆံတွေကြောင့်။ အဲဒီတော့ ဒီတော်လှန်ရေးမှာ စစ်တပ်ကို အမြစ်ဖြတ်မယ်ဆိုရင် MOGE ပိုက်ဆံတွေ သူတို့(စစ်အုပ်စု) ရနေတာကို ရပ်မှကို ရမှာ။ နွေဦးတော်လှန်ရေးနဲ့ MOGE ပိုက်ဆံရပ်တန့်သွားရေးက တိုက်ရိုက်အချိုးကျတယ်”

ဟု သူက ဆိုသည်။

 

နိုင်ငံတကာကုမ္ပဏီများ စွန့်ခွာခြင်း

ရေနံနှင့် သဘာဝဓာတ်ငွေ့ တူးဖော်ရေးလုပ်ငန်းမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အများဆုံးဝင်ရောက်နေသည့် လုပ်ငန်းနယ်ပယ်တစ်ခုဖြစ်ပြီး ဥရောပသမဂ္ဂ၊ အမေရိကန်၊ တရုတ်နှင့် အာရှနိုင်ငံများရှိ စွမ်းအင်ကုမ္ပဏီများက ရင်းနှီးမြှုပ်နှံထားသည်။

၁၉၈၈ မှ ၂၀၂၁ ဇန်နဝါရီအထိ မြန်မာနိုင်ငံတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၉၀ ဘီလျံကျော်ရှိပြီး ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍမှာ စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ ၂၀ ရာခိုင်နှုန်းကျော် ရှိကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၏ စာရင်းများအရ သိရသည်။

MOGE သည် ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍကို စီမံခန့်ခွဲရသည့်လုပ်ငန်းဖြစ်ပြီး ရှာဖွေတူးဖော်ခြင်း၊ တင်ဒါချပေးခြင်းနှင့် စည်းကမ်းကြီးကြပ်ခြင်းအပြင် စီမံကိန်းများတွင် ရှင်ယာရှင်အဖြစ်ပါဝင်ခြင်းမှ အကျိုးအမြတ်မြောက်မြားစွာရရှိနေသည်။

စစ်အစိုးရအဆက်ဆက် အုပ်ချုပ်ရေးယန္တရားလည်ပတ်ရန် MOGE အရေးပါသလို မြန်မာတွင် စစ်အာဏာရှင်စနစ်သက်ဆိုးရှည်ခြင်းမှာ MOGE နှင့် လက်တွဲလုပ်ကိုင်သည့် Total ၏ အကျိုးအမြတ်ခွဲဝေမှုများနှင့် မကင်းကြောင်း ဒေါ်မိုးမိုးထွန်းက ဝေဖန်သည်။

“ဘယ်လောက်ပဲ လူ့အခွင့်အရေးချိုးဖောက်ခံနေရပါစေ၊ သူတို့ကုမ္ပဏီအကျိုးစီးပွားကို ကြည့်တာမျိုးလည်း ရှိနေတယ်။ Total ဆိုရင် စစ်ကောင်စီလက်ထက် ဒီအချိန်ထိရပ်တည်နေတာကို ကြည့်ခြင်းဖြင့် သိတယ်။ စစ်အစိုးရ ပြီးခဲ့တဲ့ နှစ်တွေမှာ သက်တမ်းရှည်ခဲ့တာလည်း Total ကြောင့်လည်း ပါတယ်” ဟု ၎င်းက ဆိုသည်။

ထို့ကြောင့် မထွက်ခွာသည့် ကုမ္ပဏီများကို ဖိအားပေးရန်လိုအပ်ကြောင်း ၎င်းက ဆိုသည်။

ပြင်သစ် Total အနေဖြင့် ၁၉၉၂ ကတည်းက ရတနာစီမံကိန်းတွင် ဝင်ရောက်ရင်းနှီးမြှုပ်နှံခဲ့သည့် လုပ်ကွက်အားဖြင့် နှစ်ပေါင်း ၃၀ ခန့် ထုတ်လုပ်နိုင်မည်ဟု ခန့်မှန်းခဲ့ကြောင်း MEITI အစီရင်ခံစာတွင် ဖော်ပြထားသည်။

ရတနာစီမံကိန်းမှ နုတ်ထွက်မည့် Total နှင့် အမေရိကန်အခြေစိုက် Chevron တို့၏ ရှယ်ယာများကို မိတ်ဖက် ထိုင်း PTEP ကုမ္ပဏီက အများဆုံးဝယ်ယူကာ အော်ပရေတာအဖြစ် လုပ်ကိုင်နိုင်ကြောင်း Myanmar Now က သတင်းဖော်ပြပြီးဖြစ်သည်။

ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းအပါအဝင် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများမှ စစ်ကောင်စီကို အကျိုးအမြတ်မရရှိရန် ပြောဆိုခဲ့သော်လည်း ရှိရင်းစွဲလုပ်ငန်းများ ဖျက်သိမ်းထွက်ခွာစေသည့် မူဝါဒ မရှိဟု အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမော်ထွန်းအောင်က ပြောသည်။

နိုင်ငံ့အာဏာကို မတရားသိမ်းယူထားသည့်အပြင် ပြည်သူကို ဖမ်းဆီး၊ သတ်ဖြတ်၊ နှိပ်စက်နေသည့် စစ်ကောင်စီကို ထိုဝင်ငွေစီးဆင်းစေခြင်းမှာ ရက်စက်ကြမ်းကြုတ်မှုများကို အားပေးရာရောက်ကြောင်း ၎င်းက ဆိုသည်။

ထွက်ခွာမည့် ကုမ္ပဏီများအနေဖြင့် စစ်ကောင်စီအကျိုးအမြတ်မရှိရန် တာဝန်ယူမှုနှင့် တာဝန်ခံမှုရှိစွာ ထွက်ခွာရန်လိုသလို NUG ၏ ခွင့်ပြုချက်ရယူရန် လိုကြောင်း ၎င်းက ပြောသည်။

“မဟုတ်ရင် သူတို့ဂုဏ်သိက္ခာအတွက် ကိုယ်လွတ်ရုန်းသွားပြီးတော့ အရင်တုန်းက ရခဲ့တဲ့ အကျိုးအမြတ်တွေ၊ မြန်မာပြည်သူပြည်သားတွေ ပိုင်ဆိုင်တဲ့ သယံဇာတထုတ်ယူမှုမှရရှိတဲ့ အကျိုးအမြတ်တွေကိုမှမထောက် ကိုယ်လွတ်ရုန်းသွားတယ်” ဟု ၎င်းက ဆိုသည်။

“နောက် လူ့အခွင့်အရေးကိုလည်း တကယ်လေးစားတယ်လို့လည်း ယူဆစရာအကြောင်းမရှိဘူး”

Total ၏ လက်တွဲဖြုတ်ထွက်ခွာမှုသည် လုပ်ငန်းဆက်လက်လုပ်ကိုင်ပါက ကြုံနိုင်သည့် ဖိအားနှင့် ရရှိမည့်အကျိုးအမြတ် မကာမိ၍သာ လူ့အခွင့်အရေးကို ဟန်ပြ၍ နာမည်ကောင်းယူသွားသည့် အခြေအနေဖြစ်ကြောင်း Blood Money Campaign အဖွဲ့ဝင်က ဆိုသည်။

နိုင်ငံတကာကော်ပိုရေးရှင်းများ ထွက်ခွာမှုကြောင့် စစ်ကောင်စီ၏ တရားမဝင်မှုမှာ ထင်ရှားသလို မြန်မာစစ်တပ်၏ လူ့အခွင့်အရေးချိုးဖောက်မှုများ အမှန်တကယ် ကြီးမားစွာဖြစ်ပေါ်နေကြောင်း ပေါ်လွင်စေသည်ဟု ၎င်းက ဆိုသည်။

စစ်ကောင်စီနှင့် လက်တွဲခြင်းသည် စစ်တပ်၏ ရက်စက်ကြမ်းကြုတ်သော ရာဇဝတ်မှုများကို ငွေကြေးထောက်ပံ့ရာရောက်ကြောင်း မီးမောင်းထိုးပြလျှင် ဂုဏ်သိက္ခာရှိသည့်ကုမ္ပဏီများ လက်ရှောင်သွားမည်ဟု ၎င်းက ဆိုသည်။

ပိတ်ဆို့မှုကြောင့် ဥရောပသမဂ္ဂ၏ နည်းပညာနှင့် တူးဖော်ရေး စက်ကိရိယာများကို တရားဝင် ဝယ်ယူ အသုံးပြုခွင့် ရတော့မည် မဟုတ်ပေ။

ရေရှည်တွင် ထုတ်လုပ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများ ထိခိုက်လာနိုင်သည်ဟု မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေလုပ်ငန်း၏ အကြံပေး ဦးကျော်ဉာဏ်ထွန်းက Myanmar Now ကို ပြောသည်။

“ရှေ့ Investment (ရင်းနှီးမြှုပ်နှံမှု)ကို သူတို့ရဲ့ အခွင့်အလမ်းအရ ငွေတစ်ပြားတစ်ချပ်မှ သုံးပြီးတော့ လုပ်မှာ မဟုတ်တော့ဘူး။ ရှိရင်းစွဲကတော့ ဆက်လုပ်နေကြရမှာပေါ့။ ဒါကြီးကို ရပ်ပြီး၊ တွင်းကြီးတွေကို အကုန်ဖျက်ဆီးပြီး ပြန်သွားလို့မှ မရတာ။ ဒါ စာချုပ်အရကို လုပ်ခွင့်မရှိဘူး” ဟု ၎င်းက သုံးသပ်သည်။

ရင်းနှီးမြှုပ်နှံမှုအသစ်မရှိလျှင် ထုတ်လုပ်မှုကျဆင်းနိုင်သလို MOGE ၏ ဝင်ငွေထိခိုက်နိုင်ကြောင်း၊ ပြည်ပချေးငွေအကန့်အသတ်ရှိသဖြင့် လုပ်ငန်းအသစ်တိုးချဲ့ရန် အရင်းအနှီးအခက်တွေ့နိုင်ကြောင်း ၎င်းက ဆိုသည်။

နိုင်ငံတကာစွမ်းအင်ကုမ္ပဏီများထွက်ခွာမည်ဟု ဆုံးဖြတ်သော်လည်း ရေနံနှင့် ဓာတ်ငွေ့လုပ်ငန်း သဘောသဘာဝအရ ချက်ချင်းလက်ငင်း ထွက်ခွာရန် မဖြစ်နိုင်ကြောင်း ၎င်းက ခန့်မှန်းသည်။

နိုင်ငံတကာရေနံကုမ္ပဏီများထွက်ခွာသလို အသစ်မဝင်တော့ပါက စီမံကိန်းများကို သူခိုးဈေးဖြင့် ရောင်းချနိုင်ကြောင်း ရင်းနှီးမြှုပ်နှံမှုစီမံကိန်းများကို လေ့လာစောင့်ကြည့်နေသူတစ်ဦးက ဆိုသည်။

“ဒါမျိုးကို လာလုပ်မဲ့သူကလည်း အမြတ်များများရမှ ဖြစ်မှာပေါ့။ ပြိုင်ဆိုင်မှုနည်းတယ်ဆိုရင်တော့ ခေါင်းပုံအဖြတ်ခံရမှာပေါ့” ဟု ရန်ကုန်မှ အမည်မဖော်လိုသည့် ထိုအမျိုးသားက ပြောသည်။

ဒဏ်ခတ်ပိတ်ဆို့ခံနေရသည့် အခြေအနေကြောင့် စွန့်စားပြီး လုပ်ရမည့် လုပ်ငန်းဖြစ်နေသည်ဟု ၎င်းက ထောက်ပြသည်။

၂၀၂၁ ဖေဖော်ဝါရီလက ရန်ကုန်၊ တရုတ်သံရုံးရှေ့ ဆန္ဒပြသူများက တရုတ်အစိုးရကို စစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်ခြင်း မပြုရန် တောင်းဆိုခဲ့ကြသည်။

ပြည်တွင်းပဋိပက္ခကြီးလာသည်နှင့် သယံဇာတစီမံကိန်းများတွင် တရုတ်က အမြတ်ထွက်လေ့ရှိ၊ အကျိုးအမြတ်ပိုရလေ့ရှိပြီး ပိတ်ဆို့မှုကြောင့် တရုတ်၏ အကျိုးစီးပွားကို တိုးမြှင့်ရာရောက်မည်ကို သတိထားသင့်ကြောင်း ဒေါ်မိုးမိုးထွန်းက ဆိုသည်။

စစ်အာဏာသိမ်းပြီးနောက် ဖားကန့်တွင် ကျောက်စိမ်းတရားမဝင်တူးဖော်မှု အများအပြားရှိလာသည်၊ နိုင်ငံရေးမတည်ငြိမ်မှုကို တရုတ်က ထိုသို့ အမြတ်ထုတ်နေသလို ကျောက်စိမ်းလုပ်ငန်းမှလည်း ယခင်ကထက် အကျိုးအမြတ်ပိုရနေသည်ဟု Citizen Action for Transparency (CAfT)၏ အစီရင်ခံစာတစ်စောင်တွင် ဖော်ပြထားသည်။

ရှိနေဆဲကုမ္ပဏီများ မြန်မာမှ ထွက်ထွက်ခွာသွားပါက တရုတ်နှင့် ရုရှား ကုမ္ပဏီများ ဝင်လာမည်ဖြစ်၍ ပိုဆိုးနိုင်သည်ဟူသော အယူအဆမှာလည်း ခြောက်လှန့်သည့် ဝါဒဖြန့်မှုသာဖြစ်ကြောင်း သွေးစွန်းငွေဖြတ်တောက်ရေးလှုပ်ရှားမှု အဖွဲ့ဝင်က ဆိုသည်။

“အဲဒီဟာက စစ်တပ်ကို သွားထိရင် ပိုဆိုးမယ်ဆိုပြီးတော့ ဒေဝေါကြီးနဲ့ အခြောက်ခံခဲ့ရတဲ့ ဂျင်းအကြီးစားနဲ့ တူတယ်” ဟု ၎င်းက ဆိုသည်။

Total ရင်းနှီးမြှုပ်နှံသည့် ရတနာစီမံကိန်းမှာ လာမည့် ၂ နှစ်အတွင်း ဓာတ်ငွေ့ထွက်ရှိမှုကျဆင်းသလို ရဲတံခွန်လုပ်ကွက်မှာလည်း နောက်ဆုံးအဆင့်ရောက်ရှိနေပြီဖြစ်၍ အမြတ်ရလျှင် ဘာမဆိုလုပ်မည့် တရုတ်အပါအဝင် ရုရှားကပါ မဝင်နိုင်တော့ကြောင်း ၎င်းက ဆိုသည်။

“တရုတ်တို့ ရုရှားတို့ ဝင်လာမယ်ဆိုရင်လည်း ရင်းနှီးမြှုပ်နှံမှု Process က ပြင်ဆင်ဖို့ တစ်နှစ်ကနေ နှစ်နှစ်ကြာတယ်။ ချက်ချင်းဝင်လာလို့မရဘူး၊ သူတို့ ဝင်လာချင်တိုင်း ဝင်လာလို့မရဘူး။ ကျွန်တော်တို့ကတော့ ဒီတော်လှန်ရေးက နောက်ထပ် နှစ်နှစ်မကြာဘူး။ အဲလို ယုံကြည်တယ်”

 

https://myanmar-now.org/mm/news/11228