မြန်မာနဲ့ ရုရှား နှစ်နိုင်ငံကြား စက်သုံးဆီနဲ့ လျှပ်စစ်လိုအပ်ချက်အတွက် နှစ်နိုင်ငံဝန်ကြီးဌာနတွေအကြား ပူးပေါင်းလုပ်ငန်းအဖွဲ့တွေဖွဲ့ပြီး လက်တွေ့ ဆောင်ရွက်ဖို့ သဘောတူခဲ့ကြတယ်လို့ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။

ရုရှားနိုင်ငံ စိန့်ပီတာစဘက်မြို့ နိုင်ငံတကာစီးပွားရေးဖိုရမ်ကို စစ်ကောင်စီခန့် ဝန်ကြီးတွေ သွားတက်ခဲ့အပြီးမှာ အခုလို ထုတ်ပြန်ခဲ့တာပါ။

ရုရှားသမ္မတ ပူတင် တက်ရောက်ခဲ့တဲ့ စိန့်ပီတာစဘတ် နိုင်ငံတကာစီးပွားရေးဖိုရမ်ကို စစ်ကောင်စီဝန်ကြီး ၅ ဦး သွားတက်ခဲ့တာဖြစ်ပါတယ်။

၄ ရက်ကြာ ကျင်းပတဲ့ ဖိုရမ်ကာလအတွင်း ရုရှားအစိုးရနဲ့ရော ပုဂ္ဂလိကလုပ်ငန်းရှင်တွေနဲ့ပါ စစ်ကောင်စီဝန်ကြီးတွေ တွေ့ဆုံဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။

စက်သုံးဆီနဲ့ လျှပ်စစ်လိုအပ်ချက်အတွက် နှစ်နိုင်ငံ ဘယ်လိုသဘောတူ ဆောင်ရွက်ကြမယ်ဆိုတာနဲ့ ပတ်သက်လို့တော့ အသေးစိတ် ထုတ်ပြန်ခြင်း မရှိသေးပါဘူး။

စီးပွားရေးဖိုရမ် သွားတက်တာလို့ စစ်ကောင်စီက သတင်းထုတ်ပြန်ခဲ့ပေမယ့် လောင်စာဆီနဲ့ လျှပ်စစ် အကျပ်အတည်းကို ဖြေရှင်းဖို့ ရုရှားကိုသွားခဲ့တာလို့ အကဲခတ်တွေက ရှုမြင်ပါတယ်။

စစ်ကောင်စီရဲ့ လျှပ်စစ်နဲ့စွမ်းအင်ဝန်ကြီးဦးသောင်းဟန်ဟာ ရုရှားရဲ့ ဒုတိယဝန်ကြီးချုပ်လည်းဖြစ် ၊စွမ်းအင်ဝန်ကြီးလည်း ဖြစ်သူနဲ့ တွေ့ခွင့်ရခဲ့ပြီး မြန်မာနိုင်ငံရဲ့ စက်သုံးဆီ နဲ့ လျှပ်စစ်လိုအပ်ချက်ကို ပြောပြခဲ့တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၀က နေ ၂၀၂၁ အတွင်း မြန်မာနိုင်ငံကနေ စက်သုံးဆီ ဒေါ်လာ ၂.၆၆ ဘီလီယံကျော် ဖိုးတင်သွင်းခဲ့ပြီး စက်သုံးဆီဟာ မြန်မာနိုင်ငံက နှစ်စဥ်ပြည်ပက တင်သွင်းတဲ့ ထိပ်တန်း သွင်းကုန် ပစ္စည်း ၁၀ မျိုးစာရင်းမှာ ထိပ်ဆုံးကရှိနေခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ဧပြီလ ၃ ရက်နေ့က ဒေါ်လာငွေလဲနှုန်းကို တစ်ဒေါ်လာ ၁၈၅၀ကျပ် နဲ့ သတ်မှတ်ပေးလိုက်ပြီး နိုင်ငံခြား‌ကို လွှဲမယ့် နိုင်ငံခြားငွေတွေကိုလည်း နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီ ခွင့်ပြုချက်နဲ့ပဲ ဆောင်ရွက်ရမယ်လို့ ထုတ်ပြန်အပြီး နောက်မှာတော့ စက်သုံးဆီ စျေးတွေ အစိုးရသတ်မှတ်တဲ့ ရည်ညွှန်းစျေး အတိုင်းရောင်းရမယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီနောက်ပိုင်း ပြည်တွင်းမှာ စက်သုံးဆီ စျေးတွေတက်လာပြီး ဝယ်မရတာတွေ ရှိခဲ့ပါတယ်။

အိန္ဒိယနဲ့ တရုတ်ကြားရှိနေတဲ့ မြန်မာနိုင်ငံဟာ အရှေ့တောင်အာရှနဲ့ အာရှပစိတ်ဖိတ်ဒေသမှာ ပထဝီဝင်အနေအထားအရ မဟာဗျူဟာမြောက်နိုင်ငံတစ်ခုအဖြစ် ရှိနေပါတယ်။

ဒါကြောင့်ပဲ ရုရှားအတွက် မြန်မာဟာ အရေးကြီးတယ်လို့ အာရှပစိဖိတ်ဒေသအတွင်း စစ်ရေးနဲ့ စစ်လက်နက်ရောင်းချမှုတွေကို လေ့လာရေးသားတဲ့ Janes Defence အပတ်စဉ်မဂ္ဂဇင်းရဲ့ သုတေသီ ဂျွန်ဂရီဘက်တ်က ပြောခဲ့ပါတယ်။

အရှေ့တောင်အာရှမှာ ရုရှားလက်နက်ကို ဒုတိယ အများဆုံးဝယ်နေတာ မြန်မာစစ်တပ် ဖြစ်တယ်လို့ သုတေသီ ဂျွန်ဂရီဘက်တ်က ဆိုပါတယ်။

ရုရှားဟာ အာရှပစိဖိတ်ဒေသမှာ အမေရိကန်ကို ချိန်ခွင်လျှာညှိဖို့ ကြိုးစားနေပြီး မြန်မာနိုင်ငံဟာ ဒီအတွက် အရေးအကြီးဆုံးနိုင်ငံဖြစ်တယ်လို့ သူကဆိုပါတယ်။

SIPRI လို့ခေါ်တဲ့ စတော့ဟုမ်း နိုင်ငံတကာငြိမ်းချမ်းရေး သုတေသန အင်စတီကျု့ရဲ့လေ့လာချက်အရ မြန်မာစစ်တပ်ဟာ အရှေ့တောင်အာရှမှာ ဗီယက်နမ်ပြီးရင် ရုရှားဆီက ဒုတိယ အများဆုံး စစ်လက်နက် ဝယ်တဲ့နိုင်ငံလို့ ဖော်ပြခဲ့ပါတယ်။

မြန်မာစစ်တပ်ဟာ ရေတပ်သုံးပစ္စည်းတွေကို တရုတ်၊ တောင်ကိုရီးယားနဲ့ အိန္ဒိယဆီကနေ ဝယ်လေ့ရှိပါတယ်။ အဲဒီထဲမှာ တရုတ်နိုင်ငံကနေဝယ်တာက ၅၀ရာခိုင်နှုန်းလောက်ရှိပြီး အများဆုံး ဝယ်ယူတာပါ။ ဒါပေမဲ့ ရုရှားဆီကနေတော့ လေကြောင်းသုံးစစ်လက်နက်တွေနဲ့ လေတပ်သုံးယာဉ်တွေကို အဓိက ဝယ်ယူလေ့ရှိတယ်။

စစ်ကောင်စီကတော့ ပြည်တွင်းမှာရောင်းချနေတဲ့ စက်သုံးဆီစျေးတွေဟာ အိမ်နီးချင်းနိုင်ငံတွေနဲ့ ယှဉ်ပြီး ဒေသအတွင်း သင့်တင့်တဲ့စျေးနှုန်းနဲ့ ရောင်းနေတာလို့ သတင်းထုတ်ပြန်ခဲ့ပြီးတော့ မြန်မာနိုင်ငံမှာ စက်သုံးဆီ လုံလုံလောက်လောက်ရှိတယ်လို့ ပြောခဲ့ပါတယ်။

တစ်ကမ္ဘာလုံးမှာ လောင်စာဆီ အကျပ်အတည်းတွေ့နေချိန်မှာ မြန်မာအနေနဲ့ ရုရှားကလွဲပြီး ရွေးစရာမရှိဘူးလို့ စီးပွားရေးလေ့လာသုံးသပ်သူ ဦးသန်းစိုး(ဘောဂဗေဒ)က ပြောပါတယ်။

တစ်ကမ္ဘာလုံး လောင်စာဆီ အကျပ်အတည်းဆိုက်နေချိန်မှာ သီရိလင်္ကာလို လာအိုတို့လို အခြေအနေမဖြစ်ဖို့ ဘယ်အစိုးရပဲဖြစ်ဖြစ် ရုရှားကို ချဉ်းကပ်ရမှာပဲလို့ သူကပြောပါတယ်။

ရုရှားခရီးစဥ်အတွင်း လျှပ်စစ်ဝန်ကြီးဌာနနဲ့ ရုရှားလျှပ်စစ်ကုမ္ပဏီတစ်ခုအကြား လျှပ်စစ်ကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာတစ်ခုကိုလည်း လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

ဒါ့အပြင် စစ်ကောင်စီရဲ့ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးက ရုရှားရဲ့ နျူကလီးယား စွမ်းအင်ကော်ပိုရေးရှင်းတစ်ခုကို သွားခဲ့ပြီး နျူကလီးယားစွမ်းအင်ကို မြန်မာနိုင်ငံမှာသုံးဖို့ ဘာတွေလိုအပ်သလဲဆိုတာကိုပါ လေ့လာခဲ့ပါတယ်။ လျှပ်စစ်နဲ့ စွမ်းအင်ကဏ္ဍမှာ စစ်ကောင်စီအနေနဲ့ အိမ်နီးချင်းတရုတ်ထက် ရုရှားကို အားကိုးနေတာတွေ့ရတယ်လို့ လေ့လာသူတွေက ဆိုပါတယ်။

မြန်မာ စစ်အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ မနှစ်က သူ့ရဲ့ ဒုတိယမြောက် ပြည်ပခရီးစဉ်အဖြစ် အခုလထဲမှာပဲ ရုရှားနိုင်ငံကို သွားခဲ့ပါတယ်။

စစ်ကောင်စီရဲ့ ဘဏ္ဍာရေး၊ရင်းနှီးမြှပ်နှံမှု၊စီးပွားကူးသန်း၊လျှပ်စစ် နဲ့ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးတို့ နဲ့ အတူ ဗဟိုဘဏ် ဒုဥက္ကဋ္ဌ ပါ ရုရှားခရီးစဥ်ကို လိုက်ပါသွားခဲ့တာဖြစ်ပါတယ်။

ဒီလို လိုက်ပါသွားတာဟာ အမေရိကန်ဒေါ်လာရှားပါးနေတဲ့ စစ်ကောင်စီအနေနဲ့ စက်သုံးဆီနဲ့လျှပ်စစ်ဝယ်ယူရေးမှာ ရုရှားကို ကျပ်ငွေ တိုက်ရိုက် ပေးချေဖို့ညှိနှိုင်းရေးအတွက်လို့ သုံးသပ်မှုတွေလည်းရှိပါတယ်။

ဒါ့ပေမဲ့ စစ်ကောင်စီအနေနဲ့ ရုရှားဆီက လောင်စာဆီ ဝယ်ယူခွင့်ရခဲ့ရင်တောင် မြန်မာနိုင်ငံကို ဘယ်လိုသယ်ဆောင်မလဲဆိုတာကလည်း ကြီးမားတဲ့စိန်ခေါ်မှုတစ်ခုလို့ စီးပွားရေးအကဲခတ်တွေက သုံးသပ်နေကြပါတယ်။

https://www.bbc.com/burmese/burma-61869282