11:11 19 ဧပြီ 2022

စက်သုံးဆီ ပြတ်လပ်မှု မရှိနိုင်ပေမယ့် ဝယ်ယူရတာအခက်အခဲရှိနေတယ်လို့ ‌ပြော

ပြည်တွင်းမှာ စက်သုံးဆီပြတ်လပ်တဲ့အထိတော့ မဖြစ်နိုင်ပေမယ့်၊ နိုင်ငံခြားကနေ စက်သုံးဆီ ဝယ်ယူရရှိမှု အခက်အခဲ‌ကြောင့် ပြန်လည်ဖြန့်ဖြူးရောင်းချရေးမှာ အခက်အခဲတွေ ဖြစ်နေတယ်လို့ မြန်မာနိုင်ငံစက်သုံးဆီ ရောင်းချဖြန့်ဖြူးရေးအသင်း အတွင်းရေးမှူး ဦးဝင်းမြင့်က ဘီဘီစီကိုပြောပါတယ်။

နိုင်ငံခြားသုံးငွေရရှိမှု အခက်အခဲအပါအဝင် နိုင်ငံတကာအရေးကိစ္စတွေ ‌ကြောင့် စက်သုံးဆီ ဝယ်ယူရရှိရေးမှာ အခက်အခဲ ဖြစ်လာတာလို့ သူကပြောပါတယ်။

အခုကာလကစလို့ တပတ်အတွင်း တနင်္လာ၊ ဗုဒ္ဓဟူး နဲ့ သောကြာနေ့တွေတိုင်းမှာ စက်သုံးဆီ တင်သွင်းသူတွေအတွက် နိုင်ငံခြားသုံးငွေကို ဗဟိုဘဏ်ကရောင်းချပေးဖို့ပြင်ဆင်နေတယ်လို့ သိထားရတာ‌ကြောင့် စက်သုံးဆီဝယ်ယူရေး လိုအပ်တဲ့ နိုင်ငံခြားသုံးငွေ ပြဿနာ ပြေလည်နိုင်မယ်လို့ လုပ်ငန်းရှင်တွေက မျှော်လင့်ထားကြပါတယ်။

“ပြတ်လပ်တဲ့အနေအထားထိရှိမယ်လို့တော့ မထင်ပါဘူး။ အခက်အခဲတွေကို သက်ဆိုင်ရာနဲ့ လုပ်ငန်းရှင်တွေနဲ့ ညှိနှိုင်းပြီးတော့ အခက်အခဲတွေကို ဖြေရှင်းသွားနိုင်မယ်ထင်ပါတယ်” လို့ ဦးဝင်းမြင့်က ဘီဘီစီကိုပြောပါတယ်။

လက်ရှိ ရန်ကုန်အပါအဝင် နေရာအများအပြားမှာ စက်သုံးဆီကို ကန့်သတ်ပမာဏနဲ့ ရောင်းချတာမျိုးတွေလည်း မနေ့ကစလို့ ရှိလာတာ‌ကြောင့် ပြည်တွင်းစက်သုံးဆီ ပြတ်လပ်မှာကို ‌နိုင်ငံအတွင်း စိုးရိမ်မှုရှိလာကြတာပါ။

ဒီကနေ့ မနက်ပိုင်းကစလို့ ရန်ကုန်မြို့တွင်းက စက်သုံးဆီဆိုင်အချို့မှာ စက်သုံးဆီအမျိုးအစားအချို့ ရောင်းချနိုင်ခြင်းမရှိတာမျိုးလည်း ဖြစ်လာတာကို စက်သုံးဆီသွားရောက်ဝယ်ယူသူတွေ ထံကသိရပါတယ်။အချို့ ‌စက်သုံးဆီဆိုင်တွေမှာဆိုရင်လည်း ပမာဏကန့်သတ်ရောင်းချတာမျိုးတွေလည်း ရှိလာပါတယ်။

လုပ်ငန်းရှင်တွေက လက်ရှိစက်သုံးဆီ ရောင်းစျေးနဲ့ ပြန်လည်ဝယ်ယူရမယ့်စျေးက ကွာခြားမှုရှိ နေတာ‌ကြောင့်လည်း ဝယ်ယူရေးအတွက် အခက်အခဲရှိနေတယ်လို့ ဆိုကြပါတယ်။ဒါပေမယ့် ဧပြီလ ၁၉ရက်နေ့ စက်သုံးဆီစျေးတွေက အောက်တိန်း ၉၅ တစ်လီတာကို ၂၀၀၀ ကနေ ၂၂၀၀ ကျပ်နဲ့ ရောင်းချနေသလို ၉၂ ‌အောက်တိန်းတစ်လီတာကို ၁၉၀၀ ကနေ ၂၀၀၀ ကျပ်အတွင်း ရောင်းချနေတာ ဖြစ်ပါတယ်။

နိုင်ငံအနှံ့က စက်သုံးဆီဝယ်ယူရတဲ့ အခက်အခဲ သို့မဟုတ် အတွေ့အကြုံ အပါအဝင် ကန့်သတ်ချက်နဲ့ ရောင်းချပေးခြင်းရှိမရှိ၊ စက်သုံးဆီစျေးက နေရာအလိုက်ကွဲပြားခြားနားမှု စတာတွေကို ဘီဘီစီပရိတ်သတ်တွေအနေနဲ့ အခုသတင်း‌မှာ ရေးသားမျှ‌ဝေပြောပြနိုင်ပါတယ်။

 

https://www.bbc.com/burmese/topics/c95y3565pn8t